Saturday, December 3, 2011

MNP အဖွဲ့ဝင် ၅ ဦး လက်နက် ၁၁ လက်နှင့် အတူ မြန်မာနယ်စပ် အနီးတွင် အဖမ်းခံရ

Posted by Unknown On 3:56 PM

မောင်အေး
----------
မြိုအမျိုးသား ပါတီ ( Mro National Party) မှ အဖွဲ့ဝင် ၅ ဦးကို လက်နက် ၁၁ လက်နှင့် အတူ မြန်မာ နယ်စပ် အနီး ဘင်္ဂင်္လာဒေခ်ျ့ဘက်ခြမ်းတွင် ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

Mro-National-Party-MNP
မြိုအမျိုးသား ပါတီခေါ် MNP ကို လွန်ခဲ့သောနှစ်က နိုင်ငံရေး ပါတီ တစ်ခု အဖြစ် ဖွဲ့စည်း ထူထောင်ခဲ့ပြီးနောက် ပထမဆုံး အကြိမ် ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များထံတွင် ဒီဇင်္ဘာလ ၁ ရက်နေ့က လက်နက်များနှင့် အတူ ဖမ်းဆီးခံရခြင်း ဖြစ်သည်။

မြိုလူမျိုးတောင်ပေါ်သားများမှာ ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် တောင်ပေါ်ဒေသများနှင့် ဘင်္ဂလာဒေခ်ျ့ စစ်တကောင်းတောင်တန်းနယ်တွင် နေထိုင်ကြသည်။

" အခု သူတို့ကို ဖမ်းမိတာက မြန်မာ နယ်စပ်နဲ့ ကပ်ရပ်တည်ရှိတဲ့ မော်တုတ်ကြီး အနီးရှိ ရမ်မဂျိန်း ကျေးရွာမှာ ကြာသပတေးနေ့က ဖမ်းမိတာ ဖြစ်ပါတယ်။ ဖမ်းတာက ဘီဂျီဘီလို့ ခေါ်တဲ့ ဘင်္ဂလာ နယ်ခြားစောင့်တပ်ဖွဲ့က သတင်းအရ ဖမ်းတာပါ။ အခုတော့ သူတို့ကို ဘင်ဒရိုဘင်ခေါ် ရွာတော်ကို ယူသွားပါပြီ" ဟု မော်တုတ်ကြီးဈေးမှ ဆိုင်သည် တစ်ဦးက ပြောသည်။

မြိုအမျိုးသားများ၏ တော်လှန်ရေးမှာ ယခင်က တစ်ကြိမ်တစ်ခါမျှ ပေါ်ပေါက် ခဲ့ဖူးခြင်း မရှိခဲ့ကြာင်း၊ သို့သော်လည်း လွန်ခဲ့သော ၁၀ နှစ်ကျော်က ဘင်္ဂလာဒေခ်ျ့ စစ်တပ်နှင့် ပူးပေါင်းပြီး စစ်တကောင်း တောင်တန်းနယ် လွတ်မြောက်ရေး အတွက် တိုက်ပွဲ ၀င်ခဲ့သော ချန်တီး ဘာဟေးနီခေါ် သက်အမျိုးသားများ တော်လှန်ရေးအား နှိမ်နှင်းရာတွင် ပူးပေါင်း ပါဝင်ခဲ့ဖူးကြောင်း သိရသည်။

" သူတို့က ဘယ်သူ့ကို တော်လှန်မလဲ။ မြန်မာ အစိုးရကိုလား၊ ဘင်္ဂလာဒေခ်ျ့ အစိုးရကိုလားဆိုတာ သဲသဲကွဲကွဲ မသိရပါဘူး။ အခု သူတို့က ပိုက်ဆံကောက်ဖို့လာတာမှာ ဖမ်းဆီးခံရတာ ဖြစ်တယ်လို့ သိရပါတယ်။ လက်နက်တွေက လုပ်သေနတ်တွေများပါတယ်" ဟု အဆိုပါ ဆိုင်သည်က ဆက်ပြောသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့နယ်စပ် တောင်ပေါ်ဒေသများတွင် တောင်ပေါ် တိုင်းရင်းသားများ ဖြစ်ကြသည့် မြို၊ မြုံ၊ ခမီး၊ သက်၊ ဒိုင်းနက်၊ မာရမာ၊ လင်းကြေးစသည့် လူမျိုးများ နေထိုင်ကြပြီး အများစု လူမျိုးများမှာ ရိုးသားသူများ ဖြစ်ကာ တောင်ယာ လုပ်ငန်းကို လုပ်ကိုင်ပြီး အသက်မွေး ၀မ်းကျောင်းကြသည်။

အတည်မပြုရသေးသော ဒေသအတွင်းက လာသော သတင်းအရ လွန်ခဲ့သည့် နှစ်အနည်းမှစပြီး မြိုလူမျိုးများသည် ဘင်္ဂလာဒေခ်ျ့ အစိုးရအား လက်နက်ကိုင်တော်လှန်ရန် ကြိုးပမ်း နေကြသည်ဟု သိရှိရသည်။

-------------------------------------------------------------------------------------------------------------------------------
.: နိရဉ္စရာမှ သတင်း