Saturday, December 3, 2011

မင်းပြားဈေးကြီး ပြန်ဆောက်ရန် အခြေအနေ မရေရာ

Posted by Mrat.khine On 1:40 AM

မီးလောင် ပြာကျသွားသော မင်းပြားဈေးကြီး ပြန်လည် တည်ဆောက်ရန်မှာ မရေမရာ မသေမချာဘဲ ဖြစ်နေကြောင်း သိရသည်။

 Minbya's-largest-market-fire-Arakan

ဈေးဆိုင်ပိုင်ရှင် တစ်ဦးက "မင်းပြားဈေးကြီးကို ပြန်ဆောက်မယ်လို့ ပြောတယ်။ ဒါပေမယ့် ဘယ်သူက တာဝန် ယူဆောက်ပေးမလဲ။ နိုင်ငံတော် အစိုးရကလား၊ ပြည်နယ် အစိုးရကလား။ တိတိကျကျ ဘာမှ မရှိသေးဘူး။ ဈေးဆိုင် ပိုင်ရှင်တွေဆီက ပိုက်ဆံ ကောက်ပြီးဆောက်မယ်ဆိုရင်တော့ ဒါလုံးဝ ဖြစ်နိုင်ခြေ မရှိဘူး" ဟု ပြောသည်။

မင်းပြား ပြည်နယ် လွှတ်တော်အမတ် ဦးသာကျော်အား အဆိုပါ ဈေးကြီးတည်ဆောက်ရေး ကိစ္စကို မေးကြည့်ရာ သူက ယခုလို ပြောသည်။
" မြို့နယ် စည်ပင်က ကျပ်သိန်း (၂၀) မတည်ပြီး မင်းပြားဈေးကြီးကို ဆောက်ပေးမယ်လို့ ပြောတယ်။ ဆောက်မှာက တစ်ထပ်လို့ ပြောတယ်။ ဒါနဲ့ ကျနော်က မြို့နယ် ဒုစည်ပင် ဦးစီးမှူးကို သွားမေးကြည့်တော့ သူကလည်း တစ်ထပ်ဘဲ ဆောက်မယ်လို့ ပြောပါတယ်။"

ကျပ်ငွေ သိန်း ၂၀ မှာဈေးကြီးကို တည်ဆောက်ရန်ထား ဈေးဆိုင် တစ်ဆိုင်ကိုပင် တည်ဆောက်ရန် အခြေအနေမရှိသဖြင့် နိုင်ငံတော် အစိုးရပိုင်းက အကူအညီ ရရှိရေး အတွက် တင်ပြရန် အခြေအနေမရှိလားဟု မေးမြန်းရာ ဦးသာကျော်က ယခုလို ပြောသည်။

" ကျွန်တော်က ဒီဈေးကြီး တည်ဆောက်ရေး ကိစ္စကို ကျွန်တော်တို့ ပါတီ ဥက္ကဌကို တင်ပြတော့ လွှတ်တော်မှာ တင်ပြ ဆွေးနွေးပါဆိုပြီး ပြောပါတယ်။ လွှတ်တော် အစည်းအဝေး နောက်ထပ် ပေါ်ပေါက်လာရင်တော့ ဒီကိစ္စကို တင်ပြသွားပါမယ်" ဟု ပြောသည်။

မင်းပြားဈေးကြီးတွင် ဆိုင်ခန်းပေါင်း ၁၂၇၂ ရှိပြီး ထိုအထဲမှ ဆိုင်ခန်းပေါင်း ၇၀၅ မှာ စည်ပင်က တရားဝင် အသိ အမှတ် ပြုထားကြောင်း သိရသည်။ နိုဝင်္ဘာလ ၁၂ ရက်နေ့က မီးလောင်ရာတွင် ဆိုင်ခန်းပေါင်း ၅၆၇ ခန်းမှာ မီးထဲ သွားခဲ့သည်။ မင်းပြားဈေးသည် ရခိုင်ပြည်နယ်ထဲမှ အကြီးမားဆုံး ဈေးကြီး (၅) ဈေးထဲတွင် တဈေး အပါအ၀င် ဖြစ်သည်။

ဈေးကို ပြန်လည် တည်ဆောက်ပါက နှစ်ထပ် ဆောက်ရန် လိုကြောင်း၊ တစ်ထပ်ဈေး ဆောက်ပါက ဈေးမှာ ပျစ်ညှပ်ပြီး ယခင်ကလို မီးဘေးအန္တရာယ်နှင့် ကြုံတွေ့ရနိုင်ကြောင်း ဦးသာကျော်က ဆက်ပြောသည်။

သို့သော် ၂ ထပ်ဈေးကြီး ဆောက်ရန် ငွေကြေး မရှိသဖြင့် ဈေးကြီး ပြန်ဆောက်ရန်မှာ အခြေအနေ မရေရာ မသေချာဘဲ ဖြစ်နေကြောင်း သိရသည်။ ကန်ထရိုက် ပေးကာ ဈေးကို ပြန်ဆောက်မည်ဆိုသော သတင်းများ ထွက်ပေါ်နေသော်လည်း သဲကွဲစွာ မသိရှိရသေးကြောင်း တခြား သတင်း တစ်ရပ်ကလည်း ဖေါ်ပြသည်။

ယခု လက်ရှိ အခြေအနေတွင် ဈေးဆိုင်များကို မင်းပြားမြို့ ဓမ္မာရုံတွင် ယာယီဈေး ဖွင့်လှစ် နေရာချပေးထားပြီး ဖြစ်သလို ရောင်းချနေကြရကြောင်း သိရသည်။

မီးလောင်ပြီး ၂ ရက်အကြာ နိုဝင်္ဘာလ ၁၄ ရက်နေ့တွင် ကာကွယ်ရေး ၀န်ကြီဌာနမှ ဗိုလ်ချုပ် လှမင်း ရောက်ရှိလာပြီး ဈေးဆိုင် တစ်ဆိုင်ကို ကျပ် သိန်း ((၂၀) စီ အတိုးနုန်း အနည်းဖြင့် ထုတ်ချေးမည်ဟု ပြောကြားခဲ့သော်လည်း ယခု အချိန် အဆိုပါ ချေးငွေကို မရရှိသေးကြောင်း သိရသည်။


-------------------------------------------------------------------------------------------------------------------------------
.: နိရဉ္စရာမှ