Monday, January 9, 2012

ရခိုင်ရိုးရာ ကျင်အားကစားကို အရှေ့တောင်အာရှ (ဆီးဂိမ်း)တွင် ထည့်သွင်းရန် ကြိုးပမ်းမည်

Posted by Unknown On 5:31 AM

မောင်ရမ္မာ
-----------
ရခိုင်ရိုးရာ ကျင် အားကစားကို လာမည့် အရှေ့တောင်အာရှ အားကစားပွဲတော် (ဆီးဂိမ်း)တွင် ထည့်သွင်းနိုင်ရန် အတွက် ကြိုးပမ်း လုပ်ဆောင်သွားမည်ဟု ရန်ကုန်တိုင်း ဒေသကြီး ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က နိရဉ္စရာသို့ ထုတ်ဖေါ် ပြောသည်။



Images ရခိုင်ရိုးရာ ကျင်အားကစားနှင့် ပရိသတ်
" ၂၀၁၃ ခုနှစ် ပြုလုပ်မည့် "ဆီးဂိမ်း" မှာ ဒေသခံ ရိုးရာ အားကစားဆိုပြီး ထည့်လို့ရပါတယ်။ ထည့်သွင်းမည့် အားကစားကို နိုင်ငံ ၄ ခုက အနည်းဆုံး ပြိုင်ရမှာ ဖြစ်ပါတယ်။ အဲဒီ အ တွက်ကြောင့် ကျွန်တော်တို့ ၂၀၁၃ မှာ ထည့်သွင်းနိုင်အောင် အခုကတည်းက နည်းစနစ်တွေကို တခုချင်း တခုချင်း ဗွီဒီယို ရိုက်ပြီးတော့ ဆီးဂိမ်းမှာ ပါဝင်တဲ့ နိုင်ငံတွေကို ပို့ပေးမယ်။ အဲဒီနိုင်ငံတွေက စိတ်ဝင်စားလို့ ပါဝင် ယှဉ် ပြိုင်လာရင် ကျွန်တော်တို့ ရခိုင်ရိုးရာ ကျင် အားကစားဟာ အရှေ့တောင် အာရှ အားကစားပွဲတော် ဆီးဂိမ်း မှာ ပါဝင်လာမှာ ဖြစ်ပါတယ်" ဟု ပြောသည်။

ရခိုင်ရိုးရာ ကျင် ကို ဆီးဂိမ်းတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ကြိုတင် ပြင်ဆင်သည့် အနေဖြင့် ရခိုင်ရိုးရာ ကျင်ပွဲကို ရန် ကုန်မြို့ သိမ်ဖြူလမ်း၊ ဆရာဝန်များအသင်းရှေ့ရှိ လက်ဝှေ့ရုံတွင် ယခုလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့ထိ ကျင်းပ သွားမည်ဟု သူက ပြောသည်။

" ကျွန်တော်တို့ရဲ့ ရိုးရာ ကျင်အားကစားတွေလိုဘဲ နိုင်ငံ အသီးသီးက ရိုးရာ အားကစားတွေကို နိုင်ငံတကာ ပြိုင်ပွဲတွေမှာ အခုအခါ ယှဉ်ပြိုင်ကစားနေကြပါပြီ။ ၀ူရှူး၊ ဂျူဒို၊ ပိုက်ကျော်ခြင်းတွေက အစပေါ့လေ။ ကျင်အားကစားကလည်း အရှေ့တောင် အာရှက လူမျိုးတစ်မျိုးရဲ့ စိတ်ဝင်ဖွယ် ကောင်းတဲ့ အားကစားနည်း တစ်မျိုးဆိုတော့ တခြားနိုင်ငံတွေကို ဆွဲဆောင်နိုင်ရင် ကျင်အားကစားကလည်း ဆီးဂိမ်းမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ကြိုးစားကြရမှာပေါ့" ဟု ပြောသည်။

Images ရခိုင်ရိုးရာ ကျင်ပွဲ
တခြားတဘက်တွင်လည်း ရခိုင်ရိုးရာ ကျင်အားကစားကို ကျယ်ကျယ်ပြန့်ပြန့် ကစားလာနိုင်အောင် ပြန်လည် ဖေါ်ထုတ်သွားမည် ဖြစ်ပြီး ထိုသို့ ဖေါ်ထုတ်ခြင်းဖြင့် ရခိုင်လူငယ်များ၏ စိတ်ပိုင်း ဆိုင်ရာများကို ပြောင်းလဲ တိုးတက် လာနိုင်သည်ဟု သူက ပြောသည်။

" ကျွန်တော်တို့ ငယ်ငယ်တုန်းကဆိုရင် လူငယ်တွေဟာ ညနေဖက်ဆိုလို့ရှိရင် ကျင် ကစား ကြတယ်။ ကိုယ့် ခန္ဓာကို ထိန်းသိမ်းတဲ့အနေနဲ့ ဆေးလိပ် မသောက်၊ အရက် မသောက်၊ အခု နောက်ပိုင်း ရခိုင်လူငယ်တွေဟာ အားကစား လိုက်စားမှု မရှိဘဲ ညနေဖက်ဆိုရင် ဘီယာသောက်တယ်။ အရက်သောက်တယ်။ ဆေးလိပ်သောက် တယ် ဖြစ်နေကြပါတယ်။ လူငယ်တွေ ရခိုင်ရိုးရာ အားကစားကို စိတ်ဝင်စားလာလို့ရှိရင် အရက်သောက် တာတွေ၊ ဆေးလိပ် သောက်တာတွေ လျော့ပါးလာမယ်" ဟု သူက ဆက်ပြောသည်။

ကျင်အားကစားကို ပြန်လည် မြင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ရန်ကုန်မြို့တွင် ဇန္န၀ါရီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့ထိ ပြုလုပ်မည့် ကျင်ပြိုင်ပွဲတွင် ပထမဆု ရွှေမောင်းတန်းကို ကျပ် ၁၅သိန်း သတ်မှတ် ထားပြီး ဒုတိယ ငွေမောင်းတန်းကို ကျပ် ၁၀ သိန်း သတ်မှတ်ထားကြောင်း သိရသည်။

ရခိုင်ရိုးရာ ကျင်ပွဲသို့ မြန်မာ့လက်ဝှေ့ ချန်ပီယံ လုံးချောနှင့် စောငမန်းတို့ကို လာရောက်ကြည့်ရှု့ အားပေးရန် ဖိတ်ခေါ်ထားသည့်အပြင် အနယ်နယ် အရပ်ရပ်မှ ရခိုင် ကျင်သန်များကိုလည်း ဖိတ်ခေါ် ထားသည်ဟု သိရသည်။

ရခိုင်ရိုးရာ ကျင်အားကစားမှာ ရှေးခေတ် ရခိုင်ဘုရင်များလက်ကတည်းက ဆင်းသက်လာသော နပမ်းလုံး အားကစားနည်း တစ်မျိုးဖြစ်ပြီး ကျားကဲ့သို့ အလျင်အမြန် အဟုန်ဖြင့် တဘက်လူကို ဖမ်းကိုင်ပြီး မြေပေါ်လဲချရသဖြင့် "ကျားလျင်"ဟု ခေါ်ရာမှ နောက်ပိုင်းတွင် "ကျင်" ဟု ခေါ်တွင်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

နိရဉ္စရာ