Saturday, November 19, 2011

မြန်မာ့အရေး လှုပ်ရှားသူများကို ကော့စ်ဘဇား ဘုန်းတော်ကြီး ကျောင်းများတွင် နေထိုင်ခွင့် ပိတ်ပင်

Posted by Unknown On 3:55 AM

ထွန်းထွန်း
----------
မြန်မာနိုင်ငံနှင့် နီးကပ်စွာတည်ရှိသော ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားမြို့ရှိ ဘုန်းတော်ကြီးကျောင်းများတွင် မြန်မာ့အရေး လူပ်ရှားသူများ၏ နေထိုင်ခွင့်ကို သက်ဆိုင်ရာမှ တားဆီး ပိတ်ပင်မူများ ပြုလုပ်လာကြောင်း သတင်း ရရှိသည်။

Monastery-in-Cox'sbazar ကော့စ်ဘဇားခေါ် ဖလောင်းချိတ်မှ ရခိုင် ဘုန်းတော်ကြီးကျောင်း။
ကော့စ်ဘဇားမြို့ တောကျောင်းတွင်နေထိုင်သော ၈၈ မျိုးဆက်သစ် ကျောင်းသားတဦး အဖြစ် လူသိများသူ အမျိုးသားရေး ကိုနိုင်နိုင်က ဘင်္ဂလာဒေခ်ျ့ ထောက်လှမ်းရေး အဖွဲ့ မှ လာရောက်ပိတ်ပင်ခြင်းကို ယခုလို ပြောကြားသည်။

" နိုဝင်္ဘာလ ၁၈ ရက်နေ့ ညနေ ၇ နာရီဝန်းကျင်မှာ ကျွန်တော်နေတဲ့ တောကျောင်းကို ဒီဂျီအက်အိုင်လို့ ခေါ်တဲ့ ဘင်္ဂလာဒေခ်ျ့ စစ်ထောက် လှမ်းရေးအဖွဲ့က လူ ၂ ယောက် ရောက်လာတယ်။ သူတို့ ပြောသွားတာက မြန်မာက စစ်ဘက်ဆိုင်ရာ အရာရှိတွေ လာလည်ဖို့ အစီစဉ်ရှိ တဲ့အတွက် ဒီကျောင်းမှာ နေလို့မရဘူး။ ရောက်တဲ့ နေ့မှာလည်း ဆန္ဒပြလို့မရဘူး။ အဲလိုပြောသွားတယ်" ဟု နိရဉ္စရာသို့ ပြောသည်။

အတည်မပြုနိုင်သေးသည့် သတင်းများ အရ ကော့စ်ဘဇားမြို့သို့ မြန်မာနိုင်ငံမှ စစ်ဦးစီးချုပ် အပါအ၀င် အဆင့်မြင့် စစ်ဘက်ဆိုင်ရာ အရာရှိများ လာမည့် အပတ်တွင် လာရောက် လည်ပတ်ရန် အစီအစဉ် ရှိနေပြီး ကော့စ်ဘဇားမြို့ပေါ်ရှိ မဟာသိမ်တော်ကြီးသို့လည်း လာရောက် လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်ကတော့ ကျန်းမာရေး အခြေအနေကြောင့် ဒီကျောင်းကနေ တခြားနေရာ သွားလို့ မရဘူးလို့ပြော လိုက်ပါတယ်။ ပြီးရင် ဆန္ဒပြမယ် မပြဆိုတာ ပြောလို့ မရဘူး ဆိုပြီး တုန့်ပြန် ပြောဆိုလိုက်ပါတယ်" ဟု ပြောသည်။

ကိုနိုင်နိုင်မှာ ဒက္ကားမြို့ရှိ UNHCR မှ အသိအမှတ်ပြုထားသော မြို့ပေါ် ဒုက္ခသည် တစ်ဦးဖြစ်ပြီး ကော့စ်ဘဇားမြို့တွင် နှစ်ရှည်လများ နေထိုင်လာသူ ဖြစ်သည်။ ယခုကဲ့သို့ နေထိုင်ခွင့် တားမြစ်ခြင်းအပေါ်UN သို့ အသိပေး တိုင်ကြားသွားမည်ဟု သူက ပြောသည်။

ကော့စ်ဘဘဇားမြို့ တောကျောင်းတွင် သီတင်းသုံးနေသည့် ကျောင်းထိုင်ဆရာတော် ဦးစန္ဒာဝရမှလည်း ထိုသို့ တားမြစ်ကြောင်းကို ယခုလို ပြောကြားသည်။

" ဦးဇင်းနေတဲ့ ကျောင်းကိုတော့ ထောက်လှမ်းရေးတွေ ရောက်လာတယ်။ ရခိုင်ပြည်က နိုင်ငံရေး သမားတွေကို ကျောင်းမှာ လက်မခံရဘူးဆိုပြီး ပြောသွားတယ်။ တခြားအထွေအထူးတော့ ပြောမသွားပါဘူး" ဟု ပြောသည်။

ကော့စ်ဘဇားမြို့တွင် ရှိနေသော မြန်မာနိုင်ငံမှ နိုင်ငံရေသမားများကိုလည်း ဆက်လက် စစ်ဆေးသွားမည် ဆိုသော သတင်းများ ထွက်ပေါ်နေကြောင်း သိရသည်။

ယခုကဲ့သို့ မြန်မာ အရေး လူပ်ရှားသူများကို စစ်ဆေးခြင်း၊ နေထိုင်ခွင့် တားမြစ် ပိတ်ပင်ခြင်းမှာ ယခင်က တကြိမ် တခါမျှ မရှိခဲ့ကြောင်းနှင့် ယခုကဲ့သို့ တားမြစ်ပိတ်ပင်လာခြင်းမှာ လက်ရှိ ပြောင်းလဲလာသော မြန်မာနိုင်ငံရေး အခြေအနေများကြောင်း ဖြစ်နိင်ဖွယ်ရှိကြောင်း လေ့လာသုံးသပ်သူများက ပြောသည်။


-------------------------------------------------------------------------------------------------------------------------------
.: နိရဉ္စရာမှ သတင်း