Friday, January 25, 2013

Citizen Journalist and Online Media ရက်တိုသင်တန်း

Posted by Unknown On 9:26 AM

ရခိုင်ပြည် မင်းပြားမြို့နယ်ရှိ လူငယ်လူရွယ်များအား အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် ပြည်တွင်းဂျာနယ်များတွင် လက်ရှိသတင်းများရေးသားနေသော ဂျာနယ်လစ်များမှ Citizen Journalist နှင့် Online Media အသုံးပြုမှုများကို မီဒီယာကျင့်ဝတ်၊ ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့် အညီရေးသားနိုင်ကြစေရန် (၄)ရက်ကြာ ရက်တိုသင်တန်းအဖြစ် မင်းပြားမြို့တွင် ပြုလုပ်လျှက်ရှိကြောင်း သတင်းရရှိသည်။ အဆိုပါ (Citizen Journalist)နှင့် (Online Media) ရက်တိုသင်တန်းကို ဇန္နဝါရီလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ထိ ၄င်းမြို့ရှိ ဓမ္မာရုံ ဓမ္မသုခေသီဆောင်တွင် သင်တန်းပြုလုပ်လျှက်ရှိသည်ကို သိရသသည်။ သင်တန်းနှင့်ပတ်သက်၍ အာရ်ကန်တိုင်းမ်စ်ကမေးမြန်းရာ " ဒီသင်တန်းကိုပြုလုပ်ရတာကတော့ မီဒီယာ(Media)ဆိုတာ ဘယ်လောက်ထိအရေးပါသလဲ၊ အရေးကြီးသလဲပေါ့။ ပြီးတော့အစိုးရနဲ့ပြည်သူတွေကြားမှာ သတင်းအချက်အလက်တွေ ဆက်စပ်မိအောင် ပေါင်းကူးတံတားသဖွယ် ဖြစ်စေချင်တယ်။ နောက်တစ်ခုက မီဒီယာတွေအပေါ်မှာ တချို့လူတွေက အထင်လွဲအမြင်လွဲဖြစ်နေကြတယ်။ အဲဒီလိုအထင်လွဲ အမြင်လွဲတာတွေကို ရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့နဲ့ ဒေသခံလူတွေရဲ့ အသိပညာအတတ်ပညာ တိုးပွားလာနိုင်အောင် ရွယ်ရည်ပြီးတော့ ဖွင့်ရတာဖြစ်ပါတယ်။ " ဟု သင်တန်းဖြစ်မြောက်ရေး ကူညီဆောင်ရွက်ပေးသူ မတင်တင်သွယ်က ပြောသည်။ အဆိုပါသင်တန်းတွင် " ပွင့်သစ်တမန်းသားက မီဒီယာပိုင်းဆိုင်ရာနှင့် သတင်းရေးသားပုံ၊ သတင်း၏အရေးပါပုံ " ကိုထွန်းလင်းအောင်က "သတင်းပညာရပ်တွင် ကင်မရာ၏အရေးပါပုံ " နှင့် ကိုအောင်ကျော်ဝင်းမှ " IT (Information Technology) နည်းပညာနှင့် ကွန်ပျူတာပိုင်းဆိုင်ရာ နည်းပညာဗဟုသုတများ " စသည့် တာဝန်အသီးသီးဖြင့် ပို့ချသွားမည်ဖြစ်ကြောင်း မတင်တင်သွယ်က ဆက်လက်ပြောကြားခဲ့သည်။ ကွန်ပျူတာမှာ သိထားသင့်သည့် အချက်အလက်များနဲ့ ပတ်သက်ပြီး ကိုအောင်ကျော်ဝင်းက " ကျနော်မနေ့က IT လို့ခေါ်တဲ့ သတင်းအချက်လက်နဲ့ နည်းပညာပိုင်းကို သတင်းနည်းပညာမှာ ဘယ်လိုအသုံးချမလဲဆိုတာကို သင်ပေးခဲ့ပါတယ်။ ဒီလိုသင်ပေးတဲ့အခါမှာ သင်တန်းသားတွေက အရမ်းကိုစိတ်ဝင်စားတာကို တွေ့ရပါတယ်။ အပြန်အလှန်ဆွေးနွေးတာတွေ တောင်းဆိုချက်တွေ လေးရှိပါတယ်။ ဒါပေမယ့်သင်တန်းကာလ အချိန်နည်းတဲ့အတွက် အားမလိုအားမရဖြစ်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်မတန်ကျယ်ပြန့်လှတဲ့ နည်းပညာတွေကို တစ်ရက်တည်းနဲ့ပြောပြရတဲ့အတွက် အားရကျေနပ်မှုမရှိဘူးလို့ ပြောလို့ရပါတယ်။ " ဟုအာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။Min Par ထို့အပြင် သင်တန်းသားတစ်ဦးဖြစ်သူကို ကောင်းမြတ်ကျော်က " ဒီသင်တန်းမှာတော့ ကွန်ပျူတာသုံးတတ်တဲ့ သူလည်းပါတယ်၊ မသုံးတတ်သူလည်းပါတယ်။ မသုံးတတ်သူအတွက်ကတော့ ကျွန်ပျူတာကို ဘယ်လိုသုံးရမလဲဆိုတာကို သိသွားတာပေါ့။ နည်းပညာတွေကို အင်တာနက် (Internet)မှာ ဘယ်လိုမျှဝေမလဲ။ သတင်းတွေကို သတင်းဌာတွေဆီ ဘယ်လိုပို့ရမလဲပေါ့။ အဲဒါတွေကို တော့ရလိုက်ပါတယ်။ သင်တန်းပြပေးတဲ့ ဆရာတွေအပေါ်မှာလည်း အချိန်နည်းပေမယ့်အားရ ကျေနပ်မှုတော့ဖြစ်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရပ်ဝေးကနေပြီးတော့ တကူးတက လာရောက်သင်ပေးတယ်ဆိုကတည်းက သူတို့ကိုလေးစားမိပါတယ်။ ကျေးဇူးလေးတင်ပါတယ်။ ဒီလိုမျိုးဆရာတွေက ကျနော်တို့ကို မျှဝေပေးသလို ကျနော်တို့လည်းဆရာတွေနဲ့ ထပ်တူထပ်မျှ ကိုယ်အနီးအနားမှာရှိသူတွေကို မျှဝေပေးသွားမယ်လို့ပြောချင်ပါတယ်။ " ဟုအာရ်ကန်တိုင်းမ်စ်အား ပြောသည်။ ယခုကဲ့သို့ သတင်းအတတ်ပညာ သင်တန်းများအား မင်းပြားမြို့တွင်သာမကဘဲ ရခိုင်ပြည်အနှံ့မှဒေသခံများတွင် ပြုလုပ်ရန်ဖိတ်ခေါ်မည်ဆိုပါက အခမဲ့သွားရောက်သင်တန်းပေးရန် အဆင်သင့်ရှိနေကြောင်း IT ဆရာကိုအောင်ကျော်ဝင်းက ဆက်လက်ပြောကြားခဲ့သည်။ အဆိုပါသင်တန်းတွင် သင်တန်းသား (၃၀) တက်ရောက်ရာ မင်းပြားဒေသမှ လူငယ်များအပါဝင် အစိုးရဌာနမှဝန်ထမ်းတစ်ချို့လည်း သင်တန်းသားအဖြစ် တက်ရောက်ခဲ့ကြောင်း သိရသည်။